၁၉၇၅မှာ ဗီယက်နမ်ပြည်တွင်းအခြေအနေတွေကြောင့် ဗီယက်နမ်ဒုက္ခသည်တွေ ဟောင်ကောင်ကို လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီဗီယက်နမ်ဒုက္ခသည်တွေကို Boat People လို့ခေါ်ကြတယ်။ ဒါကို ၁၉၇၉မှာ Hong Kong New Waveရဲ့ အခရာတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဒါရိုက်တာ Ann Huiက The Boy From Vietnamဆိုတဲ့ ဒိုကူမန်ထရီတစ်ကားရိုက်ခဲ့တယ်။ ၁၉၈၁မှာ ချောင်ယွန်ဖတ်နဲ့ The Story of Woo Viet ဆိုတဲ့တစ်ကားကို ဆက်ရိုက်ခဲ့တယ်။ ဒီကားမှာ ချောင်ယွန်ဖတ်က ဗီယက်နမ်ဖွား တရုတ်အနေနဲ့ သရုပ်ဆောင်ထားတယ်။ နောက်ဆုံးနဲ့ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ Boat Peopleမှာတော့ ဆိုင်ဂုံကျပြီး ဗီယက်နမ်စစ်ပွဲအပြီး ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်ရေးကာလ ဗီယက်နမ်ရဲ့ ပြည်တွင်းရေးအခြေအနေကို ပြထားတယ်။ အင်္ဂလိပ်နာမည်က နည်းနည်းတော့ အကောက်လွဲနေတယ်လို့ ပြောကြတယ်။ ဒီကားမှာ Boat Peopleတွေပါပေမဲ့ Boat People တွေအကြောင်းထက် ကွန်မြူနစ်လက်အောက်က ဗီယက်နမ်တွေရဲ့ဒုက္ခကို အဓိကပြထားတယ်လို့ဆိုတယ်။ တရုတ်နာမည်ကတော့ “Run Towards the Angry Sea”ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒါတော့ ဇာတ်ကားနဲ့ကွက်တိပဲလို့ ဆိုကြတယ်။ တရုတ်အကယ်ဒမီပေးပွဲမှာ Best Picture, Best Director, Best New Performer, Best Screenplay, and Best Art Direction စတဲ့ ဆုတွေရခဲ့သလို 1983 Cannes Film Festivalမှာလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အကောင်းဆုံးတရုတ်စကားပြောရုပ်ရှင်တစ်ရာစာရင်းမှာ နံပါတ်၈ချိတ်ခဲ့တယ်။ အန်ဒီလောင်ကလည်း ဒီကားမှာ တက်သစ်စအနေနဲ့ပါဝင်ခဲ့ပြီး ဇာတ်ပို့ဆုရခဲ့ဖူးတယ်။ တရုတ်ကားဆိုပေမဲ့ အန်းဟွေက ဗီယက်နမ်မှာ ဇာတ်အိမ်တည်ပြီး ဗီယက်နမ်ရေးရာတွေကိုပဲ ပြထားတော့ တရုတ်ကားဆိုတဲ့ ဖီလင်တောင် သိပ်တော့မရနေပါဘူး။ ဗီယက်နမ်ကို သတင်းလာယူတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားထားတယ်။ သူကတော့ စစ်ပွဲမနိုင်ခင်ကလည်း ဗီယက်နမ်ကို ရောက်ခဲ့ပြီး သူ့ကြောင့် သူတို့အခြေအနေကို နိုင်ငံတကာက သတိထားမိသွားတာဆိုတော့ သူ့ကို အရာရှိတွေကိုယ်တိုင် ပြန်လည်ထူထောင်ရေးနေရာတွေကို သေချာလိုက်ပို့ပေးကြတယ်။ ဒါပေမဲ့ ဓာတ်ပုံသတင်းထောက်ဟာ သူ့ဘာသာ ဓာတ်ပုံတွေလိုက်ရိုက်ရင်း သူ့ကိုပြထားတာက ဗီယက်နမ်ရဲ့ တကယ့်ပြန်လည်ထူထောင်ရေး အခြေအနေမှန်မဟုတ်ဘဲ သူတို့ပြချင်တဲ့ကောင်းတဲ့နားတွေကိုပဲ ပြထားတယ်ဆိုတာကိုသိလာရတဲ့ အကြောင်းကို အဓိကထားပြထားတယ်။ ဒါတွေကို အဓိကထားပြပေမဲ့လည်း သတင်းထောက် သံယောဇဉ်တွယ်မိတဲ့ ဗီယက်နမ်မိသားစုနဲ့ သူ့အခြေအနေကို အဆုံးထိ ဇာတ်ရှိန်အပြည့်နဲ့ ပုံဖော်သွားတာလည်း ဆက်တိုက် အရှိန်ကျဘဲ စိတ်ဝင်စားစရာကောင်းတယ်။ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။
7.6
1982