The Ron Clark Story (2006) ~ IMDb – 7.5/10, Rotten Tomatoes – 85% ~ အမေရိကန်နိုင်ငံက နာမည်ကျော် ဆရာတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဝါသနာနဲ့ စေတနာတွေကို တွင်တွင်သုံးတဲ့ ဆရာတွေအများကြီးရှိပေမဲ့ အနစ်နာ ဆရာမျိုးကတော့ ပိုပြီးတွေ့ရခဲတယ်ထင်ပါတယ်။ ရွန်ကလက်ကတော့ နာသုံးနာပြည့်စုံတဲ့ ဆရာမျိုးဖြစ်ပြီး ဆရာဆိုတဲ့ အသံကြားတာနဲ့ ကျေးဇူးတင်တဲ့အသိ၊ နွေးထွေးတဲ့ခံစားချက်မျိုးရလာပြီး ဆရာက ကိုယ့်ဖက်မှာရှိနေသရွေ့ ဘာကိုမှကြောက်စရာမလိုဘူးလို့ ထင်လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဆရာတစ်ယောက်ပေါ့။ ဆရာဆိုတာ ဒါမျိုးပဲလို့ ပြရလောက်အောင် ဂုဏ်ယူစွာနဲ့ ပြနိုင်လောက်တဲ့ ဆရာမျိုးပါပဲ။ နယ်မှာ အောင်မြင်မှု အထိုက်အလျှောက်ရထားတဲ့ မူလတန်းဆရာလေး ရွန်ကလက်က အိပ်မက်အကြီးကြီးနောက်ကို လိုက်ဖို့ နယူးယော့ခ်မြို့ကြီးကို မျှော်လင့်ချက်တွေ တသီကြီးနဲ့တက်လာတယ်။ မြို့ကြီးတွေဆိုတာကတော့ သိကြတဲ့အတိုင်း အပြိုင်အဆိုင်တွေများ၊ ရှုပ်ယှက်ခတ်နေပြီး အနားမရတဲ့နေရာမျိုးမလား။ ဒါပေမဲ့လည်း မြို့ပြရဲ့ တိုက်စားတဲ့ဒဏ်ကို ကြံ့ကြံ့ခံရင်း ဆရာအလုပ်ကို ရှာနေရင်းမှာ ရွှေ့ပြောင်းနိုင်ငံသားတွေအများစုနေထိုင်ကြတဲ့ ဟာလမ်က မူလတန်းကျောင်းဆရာ အလုပ်တစ်ခုကိုက သူ့ရှေ့ကို မှောက်လျက်လဲပြီး ကျလာတယ်ပြောရမယ်ထင်တယ်။ သူအလုပ်သွားလျှောက်တဲ့အချိန်မှာပဲ ကလေးတစ်ယောက်နဲ့ ဆရာ ရန်ဖြစ်ပြီး ဆရာက သူ့မျက်စိရှေ့တင်ပဲအလုပ်ထွက်သွားတော့ တန်းဝင်လျှောက်လိုက်တာပေါ့။ ဒါပေမဲ့ ပတ်ဝန်းကျင်ကြမ်းကြမ်းနဲ့ အပြင်လူတွေကို သူစိမ်းလို သတ်မှတ်တဲ့ ဟာလမ်ကတော့ သူ့ကို လွယ်လွယ်နဲ့တော့ လက်မခံပါဘူး။ သူ့ရဲ့အရည်အချင်းက လိုတာထက်ပိုနေတော့လည်း လက်လွှတ်မခံချင်လို့ လက်ခံလိုက်တဲ့အချိန်မှာတော့ ဘယ်သူမှ ဆရာဝင်မလုပ်ချင်တဲ့ အဆိုးဆုံးအတန်းကိုမှ ရလာဒ်ကောင်းတွေရလာအောင် ဖန်တီးနိုင်ပါတယ်လို့ သူကိုယ်တိုင်ပဲ တာဝန်ခံပြီး ယူလိုက်တယ်။ အဲဒီအတန်းရဲ့ ဂုဏ်သတင်းကတော့ ဝင်သွားတဲ့ ဆရာတိုင်း အကောင်းအတိုင်းပြန်ထွက်မလာနိုင်ဘူးလို့ အာမခံထားတဲ့ အတန်းမျိုးပါ။ သူအဲဒီအတန်းကို ဝင်ပြီဆိုတာသိကြတော့ အသုဘလုပ်ဖို့ ကြိုပြီးပြင်ဆင်ထားကြဖို့တောင် စဉ်းစားမိကြတဲ့သူတွေရှိပါသေးတယ်။ ဘယ်ဆရာမှမနိုင်အောင် ကြမ်းတဲ့ အတန်းမှာ ဆရာလေး ရွန်ကလက်က တစ်တန်းလုံးကို မိသားစုတွေဖြစ်လာအောင် ဖန်တီးနိုင်ခဲ့ပြီး ရလာဒ်ကောင်းတွေကို ဘယ်လိုဖန်တီးခဲ့လဲဆိုတာကို ဒီဇာတ်ကားက အဓိကပြပေးသွားမှာပါ။ ” Every child is Special ” ဆိုတဲ့အတိုင်း သူတို့ရဲ့ မိဘတွေကိုယ်တိုင်အပါအဝင် ဘယ်သူကမှ အလေးမထားကြတဲ့အပြင် သူတို့ကိုယ်တိုင်တောင် မသိသေးတဲ့ ကလေးတွေရဲ့ အရည်အချင်းတွေကို တောက်ပလာအောင် သွေးယူပေးခဲ့ပြီး ဒီလိုရယူနိုင်ဖို့လည်း သွေး၊ချွေးတွေရင်းနှီးခဲ့ရတဲ့အကြောင်းကိုလည်းတွေ့ရမှာပါ။ ဆရာ့နောက်စေ့မှာ မျက်စိပါတယ်လို့ ပြောရလောက်အောင် နောက်ကိုလှည့်မကြည့်ဘဲ၊ အတန်းထဲကို မရောက်ဘဲနဲ့တောင် အတန်းထဲက ဘယ်ကလေးတွေက ဘာလုပ်နေလဲဆိုတာကိုပါ သိနိုင်လောက်တဲ့ထိ နားလည်နေအောင် ကြိုးစားခဲ့တဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုက လေးစား၊ အားကျစရာပါပဲ။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားထဲက ဇာတ်လမ်းဆန်ဆန် အဖြစ်အပျက်အများစုက အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအတိုင်း အတိအကျရိုက်ကူးထားတာလို့သိရပါတယ်။ ဆရာနဲ့ တပည့်ဆက်ဆံရေးထက် မိသားစုဆန်ပြီး နွေးထွေးတဲ့ စာသင်ခန်းကို ဖန်တီးခဲ့ပြီး သင်ကြားရေးပုံစံသစ်ဆိုတဲ့ စာမျက်နှာကို ဖွင့်လှစ်စေခဲ့တဲ့ အဖြစ်အပျက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီအတန်းမှာ သူသတ်မှတ်ထားခဲ့တဲ့ စည်းကမ်း ၅၅ ချက်အကြောင်း ” Essential 55 ” ဆိုတဲ့နာမည်နဲ့ ရေးထားခဲ့တဲ့စာအုပ်က New York Times မှာ အရောင်းရဆုံး စာအုပ်စာရင်းဝင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆရာရွန်ကလက်က ရွန်ကလက်အကယ်ဒမီဆိုတဲ့ ပရဟိတအလယ်တန်းကျောင်းကို ဖွင့်လှစ်ထားပြီး ကလေးတွေကို ပညာပေးရင်း၊ သူ့ရဲ့ပညာရေးရဲဘော်ရဲဘက်များအတွက် Motivational Speaker အဖြစ်နဲ့ ပညာရေးလောကမှာ အကျိုးဆောင်နေလျှက်ရှိပါတယ်။ ဒီဇာတ်ကားကို အဓိကရေးဖြစ်တဲ့အကြောင်းကတော့ အခုနှစ် ၂၀၂၃ အောက်တိုဘာ ၂၈ ရက်နေ့က ဆုံးပါးသွားခဲ့တဲ့ Friends TV Series က Chandler Bing ဆိုတဲ့ ဇာတ်ကောင်ကို အသက်သွင်းပေးခဲ့တဲ့ သရုပ်ဆောင် Matthew Perry ကြောင့်ပါပဲ။ Matthew က ဒီဇာတ်ကားမှာလည်း သူက Chandler Bing မဟုတ်ပါဘူးဆိုတဲ့ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ပြသသွားတာ မြင်ရမှာပါ။ ဆရာနေရာကသရုပ်ဆောင်နေတယ်ဆိုပေမဲ့လည်း သူ့ရဲ့ ဟာသပါရမီကတော့ ဖုံးဖိထားလို့မရတာကို တွေ့ရပါလိမ့်မယ်။ ငိုနေတဲ့ မျက်ဝန်းတွေကို အပြုံးမျက်နှာဖုံးကွယ်ပြီး ဖျော်ဖြေခဲ့သူ ဟာသပါရမီရှင် သူကတော့ သူ့ရဲ့အစားမထိုးနိုင်တဲ့ Sarcasm တွေကို ကျွန်တော်တို့အတွက် ထားခဲ့ပြီး ထွက်သွားခဲ့ပါပြီ။ အဲဒီလိုပြောရင် သူက “Where?” ဆိုပြီး တစ်နေရာက အရွှန်းဖောက်နေလောက်ပါတယ်။ “Could you be more being Great, Mr. Bing” ~ Matthew Perry (1969-2023) ကို အမှတ်ရအောက်မေ့စွာဖြင့် d3mon (A F.R.I.E.N.D) Size – 2GB, 835MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 30Min Genre – Biograhphy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by d3mon (A F.R.I.E.N.D) Encoded by Y
Drama • Thriller • War
7.5
2006
90 mins